Get Adobe Flash player
Showing posts with label သုတစုံလင်​. Show all posts

Wednesday, October 28, 2015

thumbnail

ဖားပုံပြင်


"ဖားပုံပြင်"
.
ဖားအရှင်တစ်ကောင်ကို ရေထည့်ထားတဲ့ အိုထဲထည့်လို့ မီးအပူပေးပါ။ ရေရဲ့အပူချိန် မြင့်တက်လာလေလေ၊ ဖားရဲ့ကိုယ်ခန္ဓာအပူချိန်ဟာလည်း သဘာဝအလျှောက် ရေအပူချိန်နဲ့လိုက်လို့ ပြောင်းလဲလာပါလိမ့်မယ်။ ဒီလိုပဲ ရေရဲ့အပူချိန်မြင့်လာလေလေ၊ ဖားရဲ့ခန္ဓာကိုယ်အပူချိန်လည်း မြင့်လာလေလေပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ရေဟာ ရေဆူမှတ်ကိုရောက်လာချိန်မှာတော့ ဖားဟာ ရေရဲ့အပူချိန်အတိုင်း သူ့ခန္ဓာကိုယ်အပူချိန်ကို လိုက်မပြောင်းနိုင်တော့ဘူး။ ထိုအချိန်မှာ ဖားဟာ အိုးထဲက ခုန်ထွက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ကြိုးစားမှု့ဟာ မအောင်မြင်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ ရေရဲ့အပူချိန်အတိုင်းလိုက်ပြောင်းရင်းနဲ့ သူ့ရဲ့ခွန်အားတွေဟာ ဆုံးရှုံးခဲ့ရပြီ ဖြစ်လို့ပါပဲ။ ဒီလိုနဲ့ ဖားဟာ အသက်ဆုံးရှုံးသွားရပါတယ်...။
.
ဒါဆို ဖားကိုဘာက သေစေတာလဲ?
.
အများစုက ရေနွေးပူကြောင့်လို ဖြေကြပါလိမ့်မယ်...
.
ဒါပေမယ့် အမှန်တကယ်ကတော့ ခုန်ထွက်လို့ရတဲ့အချိန်မှာ ခုန်ထွက်ဖို့ မစဉ်းစားတတ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းအားကြောင့်ပါပဲ။
.
ကျွန်တော်တို့အားလုံးဟာ ပတ်ဝန်းကျင်က လူတွေအားလုံးနဲ့ ညှိနှိုင်းဖို့၊ အဆင်ပြေအောင် နေဖို့လိုတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ညှိနှိုင်းရမယ်၊ ဘယ်လိုအခါမှ ရင်ဆိုင်ရမယ်ဆိုတာတော့ စဉ်းစားဖို့ လိုပါတယ်။
.
တစ်ခါတရံမှာ လူတွေဟာ ကိုယ့်ရဲ့ သည်းခံမှု့ နားလည်ပေးတတ်မှု့အပေါ် ဆက်လက်အနိုင်ယူဖို့ ကြိုးစားတတ်လို့၊ အဲ့ဒီအခြေအနေကနေ ဘယ်လိုအချိန်မှာ ခုန်ထွက်ကြမလဲဆိုတာကတော့ သင့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ...။
.
အောင်ခန့်

Momolay

Tuesday, October 27, 2015

thumbnail

ဘာ​ကြောင့်​ ဆင်းရဲကြသလဲ


ဘာကြောင့်ဆင်းရဲကြသလဲ
***********************

အားလုံးချမ်းချမ်းသာသာ၊ သက်တောင့်သက်သာ ဖြစ်လိုကြသည်၊ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး ဘဝ လျှောက်လှမ်းကြရခြင်းသည် တစ်ထပ်တည်းမကျကြ၊ ချမ်းသာကြသူများက ကျိကျိတက် ချမ်းသာကြသော်လည်း၊ ဆင်းရဲ ကြသည့်သူများကလည်း ကုန်းကောက်စရာမရှိအောင် ဆင်းရဲကြသည်၊ တစ်နေ့လုပ်မှ တစ်နေ့စားကြရသူများလည်း ဒုနှင့်ဒေးဖြစ်၏။ အမေရိကားတွင် စိန်စီထားသော တယ်လီဖုန်းတစ်လုံးကို ဒေါ်လာ (၁ဝ) သန်းဖြင့် သုံးစွဲနိုင်လောက်အောင် ချမ်းသာသောသူများရှိပြီး ညဘက်လမ်းကြိုလမ်းကြားတွင် ခွေးတိုးဝက်ဝင် အိပ်ကြရသူများလည်း မနည်းချေ။

ချမ်းသာရခြင်းကို စီမံခန့်ခွဲရေးရှုထောင့်မှကြည့်လျှင် တစ်မျိုးဖြစ်သည်။ ချမ်းသာရန်၊ အောင်မြင်စွာ လုပ်ကိုင်နိုင် ရန် အထူးပြု သင်ကြားပေးသည်။ အောင်လည်း အောင်မြင်ကြသည်၊ ယနေ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများစွာတွင် စီမံခန့်ခွဲ ရေးပညာ ထူးချွန်သူတို့ကို အလေးထားရှာဖွေ၍ သူတို့ကုမ္ပဏီများကို ဖွံ့ဖြိုးတိုးတက်အောင် အပြိုင်အဆိုင် ကြိုးပမ်း ဆောင်ရွက်နေကြသည်။

.
ပို၍အခြေခံကျသောအကြောင်းတရားများ
****************************************

ကိုယ်တိုင် စီမံခန့်ခွဲရေးပညာရပ်များကို သင်ကြား၍ တတ်နိုင်သမျှ မျိုးဆက်သစ်တို့အတွက် ပြန်လည်မျှဝေ သောအားဖြင့် စာဖြင့် ပြန်လည်မျှဝေနေသူ ဖြစ်ပါသည်၊ ကိုယ်တိုင် နိုင်ငံတကာအဆင့်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်နေ သဖြင့် စီမံခန့်ခွဲရေးပညာရပ်၏ သီအိုရီများနှင့် မြန်မာ့စီးပွားရေးဝန်းကျင်တို့၏ အကွာအခြားကို ကောင်းစွာသိရှိကာ၊ မြန်မာ့ လူငယ်များ နားလည်လွယ်သောစကားပြေဖြင့် လက်တွေ့ အတွေ့အကြုံများကိုပေါင်းဖက်၍ ရေးသားနေဆဲ ဖြစ်ပါသည်။

အရွယ်တစ်ခုရောက်လာခဲ့ပြီဖြစ်၍လည်း ဘာသာရေးစာပေများနှင့် များစွာ မကင်းလွတ်ပါ။ ဘာသာရေး ရှုထောင့်မှ အဆုံးအမများသည် ကမ္ဘာ့စီမံခန့်ခွဲရေးပညာရပ်ထက် ပို၍အခြေခံကျသည်များကို အတော်များများ တွေ့ရပါ သည်။ အဆောက်အဦးတစ်လုံး ဥပမာနှင့်တူညီပါ၏။ အခြေခံအုတ်မြစ်ကောင်းခဲ့ပါလျှင် အပေါ်ထပ်အဆောက်အဦးတို့၏ ခိုင်မြဲမှုကို အာမခံနိုင်ပြီး၊ အပေါ်ထပ်အဆောက်အဦး မည်မျှကောင်းမွန်သည်ဖြစ်စေ အခြေခံအုတ်မြစ် မကောင်းခဲ့၊ မကြံ့ခိုင် ခဲ့ပါလျှင် အာမခံချက်မရှိသကဲ့သို့နှင့် တူညီသည်ဟု တွေ့မြင်ပါ၏။

ဗုဒ္ဓဘာသာ၏အဆုံးအမသည် အခြေခံအုတ်မြစ်နှင့် အလားသဏ္ဍာန်တူပြီး၊ ခေတ်သစ် စီမံခန့်ခွဲရေးပညာရပ် များက အပေါ်ထပ်အဆောက်အဦးနှင့် တင်စားနိုင်မည် ဖြစ်သည်။ အခြေခံမကောင်းခဲ့သောကြောင့် အောင်မြင်ပြီးမှ ကျဆုံး သွားခဲ့ကြသူများ မနည်းပါးခဲ့ချေ။ အခြေခံမကောင်းခဲ့လျှင် ကျဆုံးချိန်၌ ဗုန်းဗုန်းကျပျက်စီးနိုင်ပြီး၊ အခြေခံကောင်းခဲ့ပါက ကျဆုံးခဲ့လျှင်ပင် ထိန်းထိန်းသိမ်းသိမ်း ရှိနိုင်သည်ကိုလည်း တွေ့နိုင်ပါ၏။

.
ဆင်းရဲရခြင်းအကြောင်း (၁၁) ပါး
********************************
( ၁ ) လိုအပ်သောနေရာတွင်မလှူဘဲမလိုအပ်သောနေရာတွင်လှူဒါန်းခြင်း
( ၂ ) သပ္ပဒါလေးပါး (ဥစ္စာန၊အာရက္ခ၊သမဇီဝိတ၊ကလျာဏမိတ္တ) ချို့ယွင်းခြင်း
( ၃ ) စီးပွားရေးကိုမေတ္တာဖြင့်မရှာဘဲဝိသမလောဘဖြင့်ရှာခြင်း
( ၄ ) ပျင်းရိခြင်းကိုရောင့်ရဲခြင်းဟုအထင်မှားခြင်း
( ၅ ) ကိုယ့်ကိုယ်ကိုမထိန်းသိမ်းနိုင်ခြင်း
( ၆ ) အချိန်တန်ဖိုးကိုမသိခြင်း
( ၇ ) ကိုယ့်ထက်သာလျှင်မနာလိုခြင်း
( ၈ ) စာပေဗဟုသုတမရှိခြင်း
( ၉ ) ဒေသန္တရဗဟုသုတမရှိခြင်း
(၁ဝ) ခေါင်းဆောင်စိတ်နည်းခြင်း
(၁၁) ကိုယ့်အားကိုယ်ကိုးလိုစိတ်နည်းခြင်း

ရိုးစင်းလှသော်လည်း များစွာအခြေခံကျလှသည်ကို တွေ့ရပါလိမ့်မည်။ ဘာသာရေးရှုထောင့်မှ ပြဆိုသော ဆင်းရဲရခြင်း၏ အကြောင်းရင်းများကို လေ့လာလျှင် တစ်ဦးတစ်ယောက်၏ ပင်ကိုယ်အရည်အသွေးများ တည်ဆောက်ခြင်း (Capacity Building) ဖြစ်နေပြီး၊ သာလွန်သွားသည့်အချက်မှာ လောကီ၊လောကုတ္တရာနှစ်ဖြာအတွက် အကျိုးဖြစ်စေခြင်း ဖြစ်စေသည်ကို တွေ့ရပါမည်။ ဆင်းရဲမှုမှ လွတ်ကင်းစေသည်သာမက ကုသိုလ်ရေးကိုပါ တွဲဖက်ပေးထားပါသည်။

(စီးပွားရေးကိုမေတ္တာဖြင့်မရှာဘဲ၊ဝိသမလောဘဖြင့်ရှာဖွေခြင်း) ကို ခပ်ပေါ့ပေါ့အဓိပ္ပာယ် ယူဆမိလိုက်ပါက ဘာသာရေးသက်သက်ရှုထောင့်မှဟု ထင်စရာရှိသည်၊ မဟုတ်ပါချေ။ ယနေ့ စီမံခန့်ခွဲရေးပညာရပ်တွင်မှာပင် ထည့်သွင်း သင်ကြားပေးနေသောအချက် ဖြစ်သည်။ အသုံးအနှုန်းနှင့် ချဉ်းကပ်ပုံသာ ကွာခြားပါ၏။ Customer Service, Customer Satisfaction စသောအသုံးများသည် ဝယ်ယူသုံးစွဲသူများအတွက် ထုတ်လုပ်သူများက ပြန်လည်ပေးဆပ်နေခြင်း ဖြစ်သည်၊ သုံးစွဲသူများအပေါ် မေတ္တာပြန်ထားခြင်းတစ်နည်းလည်း ဖြစ်သည်။ တစ်ချိန်တုန်းက "များများမြတ်၊နည်းနည်းရောင်း" စနစ်မှ ယခုအခါ "နည်းနည်းမြတ်၊များများရောင်း" စနစ် ဖြစ်လာပါ၏။ အကျိုးအမြတ်ကို ဝိသမလောဘမှ ဖယ်ခွာ၍ မျှမျှတတဆောင်ရွက်လာခြင်း ဖြစ်သည်။

(ပျင်းရိခြင်းသည်ရောင့်ရဲခြင်းမဟုတ်ပါချေ) ။ ပျင်းရိခြင်းသည် လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း၊ အလုပ်လုပ်ရမည် ကို စိုးရွံ့ခြင်းမျှသာ ဖြစ်သည်၊ ရောင့်ရဲခြင်းက ပျင်းရိခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ အလုပ်ကိုမကြောက်၊ အကောင်းဆုံး၊ အကြိုးစားဆုံး ဆောင်ရွက်သည်၊ သို့သော်လည်း ရလဒ်အပေါ် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျေနပ်လက်ခံခြင်း မျှသာဖြစ်သည်။ အလုပ်မလုပ်လျှင် ရလဒ်မရ၊ မလုပ်၍မရခြင်းအပေါ် စောဒကတက်၍မရ၊ ထို့ကြောင့် လက်ခံရမည်သာ ဖြစ်သည်၊ ရောင့်ရဲသူများကမူ တစ်ဆယ်ဖိုးလုပ်ကိုင်သော်လည်း ငါးကျပ်ဖိုးမျှ ရလဒ်ထွက်ခြင်းအပေါ် ကျေနပ် လက်ခံနိုင် ကြသူများ ဖြစ်သည်။

(ကိုယ့်ကိုယ်ကိုမထိန်းသိမ်းနိုင်ခြင်း) ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တွေးရတတ်လေ့ရှိသည်၊ တိုးတက်လာ သောခေတ်ဖြစ်၍ အပျော်အပါးကို နေရာတကာမှာရနိုင်သည်ဖြစ်ရာ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်ရန် များစွာလိုအပ်ပါသည်။ အလုပ်လောဘကို မထိန်းသိမ်းနိုင်ခြင်း၊ အပျော်အပါးကို မထိန်းသိမ်းနိုင်ခြင်း၊ မောက်မာမှုကို မထိန်းသိမ်းနိုင်ခြင်းစသဖြင့် မထိန်းသိမ်းမှုကဏ္ဍများစွာ ရှိပါ၏။ ဆင်းရဲစဉ်က လင်မယားနှစ်ယောက် ချစ်ခင်ကြင်နာကြသော်လည်း ချမ်းသာလာသော အခါ တကျက်ကျက်ရန်ဖြစ်၍ ကွဲကွာကြခြင်းသည် ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ခြင်းများ၏လက္ခဏာ ဖြစ်ပါသည်။

ချမ်းသာကြသူများ ချမ်းသာရခြင်း၏ အကြောင်းတစ်ခုမှာ (အချိန်၏တန်ဖိုးကို ကောင်းစွာသိခြင်း) ဖြစ်ပါသည်။ လုပ်မှားကိုင်မှားရှိ၍ ဥစ္စာပစ္စည်း တစ်စုံတစ်ရာဆုံးရှုံးခဲ့ပါက ပြန်၍ရှာဖွေဖြည့်ဆည်းလျှင် ရနိုင်သော်လည်း ဆုံးရှုံးသွားသော အချိန်ကို ပြန်၍အစားထိုးမရနိုင်ပါ၊ ငွေကြေးလိုအပ်လျှင် ဘဏ်များမှ ငွေချေးယူနိုင်သော်လည်း၊ အချိန်ကို ထုတ်ချေးသော ဘဏ်များ မရှိသေးပါ၊ မည်သည့်အခါမျှလည်း ပေါ်ထွက်လာမည်မဟုတ်ပါ။ လူတိုင်းတွင် (၂၄) နာရီ ဟူသောအချိန်သာ ရှိပါ၏။ ထိုညီမျှစွာ ပိုင်ဆိုင်ထားကြသောအချိန်ကို အကောင်းဆုံး မည်သို့ အသုံးချမည်နည်းဟူသည်က တစ်ဦးနှင့်တစ်ဦး တိုးတက်မှု ကွာခြားသွားစေသောအချက်တစ်ခု ဖြစ်လာပါသည်။ ခေတ်သစ် စီမံခန့်ခွဲရေးပညာတွင် (Time Management) ဟူသော အချိန်အပေါ် စီမံခန့်ခွဲရေးသည် လူ၊ငွေ၊ပစ္စည်းများအပေါ် စီမံခန့်ခွဲသည်နှင့်အတူ အရေးတကြီးဖြစ်ကြောင်း ထောက်ပြထားပါသည်။

(ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ခြင်း) ကို မြန်မာလူမျိုးတို့ များစွာသတိထား ရှောင်ကြဉ်သင့်သည်ဟု တွေ့မြင် ပါ၏။ ဘာသာရေးရှုထောင့်မှကြည့်လျှင် မနာလိုခြင်းသည် အကုသိုလ်စိတ် ဖြစ်ပါ၏။ အကုသိုလ်စိတ်ရှိသူထံ အကုသိုလ် အကျိုးတရားများသာ ရောက်လာပါလိမ့်မည်။ အနောက်နိုင်ငံသားတို့၏ အားသာချက်မှာ ဤစိတ်မျိုးမရှိကြခြင်း ဖြစ်သည်၊ ကိုယ့်ထက်သာလျှင် မနာလိုစိတ်မှာ အနောက်ကမ္ဘာထက် အရှေ့ကမ္ဘာက ပို၍များကြောင်း ဆန်းစစ်ချက်များတွင် တွေ့နိုင် မည်ဖြစ်သည်။ မနာလိုသောကြောင့် အကျိုးတစ်စုံတစ်ရာ ရနိုင်မည်မဟုတ်သည်ကို ကောင်းစွာသိရှိပါက ဤစိတ်ကို ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။

(စာပေဗဟုသုတမရှိခြင်း) (ဒေသန္တရဗဟုသုတမရှိခြင်း) သည် များစွာရှင်းပြရန်လိုသည့် အကြောင်းများ မဟုတ်ချေ။ ပညာဖြစ်စေသော အကြောင်းတရားများဖြစ်သည်ကို အားလုံးက ခြွင်းချက်မရှိ လက်ခံထားကြပြီး ဖြစ်သည်၊ ခေတ်သည် ပညာခေတ်ဖြစ်၍ ပညာကိုအခြေမခံပါက ကြီးပွားတိုးတက်ရန် အခွင့်အလမ်းများဆုံးရှုံးမည်သာ ဖြစ်သည်။

(ခေါင်းဆောင်မှုစိတ်နည်းခြင်း) တွင် နှစ်ပိုင်းရှိသည်ဟု တွေ့မြင်သည်။ ပထမတစ်ပိုင်းမှာ အမှန်ပင် အများကို ဦးဆောင်လိုစိတ်နည်းပါးပြီး၊ မပင်မပန်း နောက်ကသာလိုက်လိုကြသည်ကို တွေ့ရသည်၊ ကိုယ်ရည်ကိုယ်သွေး နည်းပါးခြင်း၊ ထက်ထက်မြက်မြက်မရှိခြင်း စသည်တို့၏ အားနည်းသောလက္ခဏာတစ်ရပ် ဖြစ်သည်၊ ဦးဆောင်လိုစိတ် နည်းပါးခြင်းသည် တိုးတက်မှု၏ ဆန့်ကျင်ဘက်ဖြစ်၍ ဆင်းရဲရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်၊ နောက်တစ်ပိုင်းမှာ မှားယွင်းသော ကိုယ်ရည်ကိုယ်သွေးရှိကြသူများ ဖြစ်သည်။ မိမိ၏ အရည်အသွေးအမှန်ကို ကောင်းစွာ အကဲမဖြတ်နိုင်ကြ ဘဲ ယုံကြည်ချက်လွန်ကဲစွာ “ငါသာခေါင်းဆောင်မှ”ဟူသောအတွေးဖြင့် "ငါမရှိမဖြစ်" ဟူ၍ ကျင့်ကြံကြသူများ ဖြစ်သည်၊ ဤနေရာတွင် "မှန်ကန်သောခေါင်းဆောင်စိတ်နည်းခြင်း" ဟု နားလည်ထားနိုင်မည် ဖြစ်သည်။

(ကိုယ့်အားကိုယ်ကိုးလိုစိတ်နည်းခြင်း) သည် မြန်မာမှုနယ်ပယ်တွင် များစွာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ရမည့်အချက်ဟု မြင်တွေ့သည်။ အနောက်နိုင်ငံသားများ တိုးတက်ကြသည်မှာ ကိုယ့်အားကိုယ်ကိုးလိုစိတ် ပြင်းထန်ကြ သောကြောင့် ဖြစ်သည်၊ မိဘချမ်းသာသည်ကို မျက်စောင်းမထိုးတတ်ကြ၊ အရွယ်ရောက်လျှင် မိဘရင်ခွင်မှခွာ၍ ကိုယ်တိုင် ရှာဖွေစားသောက်ကြသည်၊ မိဘအမွေကို စိတ်မဝင်စား၊ ထို့ကြောင့်လည်း တိုးတက်ကြခြင်း ဖြစ်သည်၊ မြန်မာ့ယဉ်ကျေးမှု တွင် မိဘများက သားသမီးအပေါ် အစိုးရိမ်ကြီးလွန်းကြသည်၊ သားသမီးများကလည်း မိဘအပေါ် မှီခိုလွန်းလာကြသည်၊ အချို့မိသားစုများကိုကြည့်လျှင် ကိုယ်ကသားသမီးများ ပြန်မွေးနေသည့်တိုင် မိဘအပေါ်မှီခိုဆဲဖြစ်သည်ကို နေရာအနှံ့မှာ တွေ့နိုင်ပါသည်၊ မှီခိုစိတ်ကြီးခြင်းသည် ဦးဆောင်စိတ်နည်းပါးခြင်းပင် ဖြစ်ပါသည်၊ နောက်လိုက်စိတ်သည် ကြီးပွားရာ ကြီးပွားကြောင်း၊ တိုးတက်ရာ တိုးတက်စေသောစိတ်မျိုးမဟုတ်ပါ။

ကိုယ်ကညံ့လျှင် ကိုယ့်သားသမီးများ ညံ့တတ်ပါသည်။ ကိုယ့်မျိုးဆက်တို့ ညံ့ဖျင်းတတ်ပါသည်၊ တစ်ဦးချင်း၊ တစ်မိသားစုချင်း ညံ့ဖျင်းစွာ ပေါင်းစည်းမှုများလာသောအခါ လူမျိုး၊နိုင်ငံတို့၏ နောက်မျိုးဆက်များ ညံ့ဖျင်းလာမည်သာ ဖြစ်ပါသည်။ ညံ့ဖျင်းသည်နှင့် တိုးတက်မှုနှင့် ဝေးကွာရပါသည်၊ တိုးတက်မှုမရှိခြင်းသည် ဆင်းရဲခြင်းသာ ဖြစ်ပါ၏။ ခေတ်သစ် စီမံခန့်ခွဲမှုပညာရပ်သည် လူတိုင်း လေ့လာသင့်သော ဘာသာရပ်ဖြစ်ပြီး၊ ကြီးပွားတိုးတက်စေသည့် ပညာရပ် ဖြစ်သည်မှာ အသေအချာ ဖြစ်ပါသည်၊ သို့သော်လည်း မြန်မာ့ဘာသာရေးအဆုံးအမသည် ခေတ်သစ် စီမံခန့်ခွဲရေးပညာကို ပို၍အခြေခိုင်စေသော၊ ပို၍မြဲမြံစေသောအကြောင်းရင်းများ ဖြစ်သည်ကိုလည်း မမေ့အပ်၊ လျစ်လျူရှုအပ်သည် မဟုတ်ပါ။

Credit : နေဇင်လတ်

thumbnail

သင်ဟာ သင့်ချစ်သူကို ဒီလိုစကားမျိုးတွေ ပြောနေကျဆို ခုရပ်တန်းက ရပ်လိုက်ပါ

ချစ်သူချင်းဖြစ်ဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်ကိုဖြစ်ဖြစ် သင်ပြောနေကျစကားတွေထဲမှာ နှစ်ဦးစလုံးအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ စကားတွေ ရှိနေပါတယ်။ ဒါဟာ ရေရှည်မှာ အပြောခံရတဲ့သူရဲ့ စိတ်မှာ အနာတရဖြစ်သွားတတ်တာမို့ သင့်ချစ်ရတဲ့သူကို ဒီလို မခံစားစေချင်ဘူးဆိုရင်တော့ ခုအောက်မှာ ဖော်ပြပေးမယ့် စကားလုံးမျိုးတွေ သုံးနှုန်းခြင်းက ရှောင်ကြဉ်ဖို့ လိုပါတယ်။
၁။အဲ့ကောင်လေး/ကောင်မလေးက အရမ်းမိုက်တယ်ဆိုတာကို ထပ်ခါထပ်ခါ ပြောခြင်း
ဘယ်လောက်သဘောထားကြီးတဲ့သူဖြစ်ဖြစ် ကိုယ့်ချစ်သူက တစ်ခြားတစ်ယောက်ကို ဘယ်လောက်မိုက်တယ်၊ ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာမျိုး ကိုယ့်ရှေ့မှာ ထပ်ခါထပ်ခါ ပြောလာရင်တော့ စိတ်ထဲတစ်မျိုးဖြစ်လာမှာပဲလေ။ ငါမဟုတ်တဲ့ အခြားတစ်ယောက်ကိုများ စိတ်ဝင်စားတော့မလားဆိုတဲ့ ပူပန်မှုကလည်း သူတို့ရှိလာအသေအချာပါပဲ။
၂။ရှင်က အမြဲတမ်း ... (ဒါမှမဟုတ်) ရှင်က ဘယ်တော့မှ လို့ပြောဆိုခြင်း
ဒီစကားနှစ်မျိုးဟာ တစ်ဖက်လူကို ခံစားသွားရစေတဲ့ စကားမျိုးတွေပါ။ အပြစ်တင်တဲ့အခါသုံးတဲ့ ဒီစကားနှစ်မျိုးဟာ ဒီလူကို တစ်သက်လုံးပြောင်းလဲလာမှာ မဟုတ်တော့ဘူးဆိုပြီး အပြီးသတ်ပြောဆိုလိုက်သလိုပါပဲ။ ဥပမာ ရှင်က အမြဲတမ်း ဒီအချိုးပဲ။ ရှင်က အမြဲတမ်း ဒီလိုလုပ်နေကျပဲလေ စတာမျိုးတွေပါ။ နောက်တစ်မျိုးကတော့ ရှင်က ဘယ်တော့မှ ကျွန်မအပေါ် ကောင်းလာမှာ မဟုတ်ဘူး။ ရှင်က ဘယ်တော့မှ ဒါမျိုးသိတတ်တဲ့သူမဟုတ်ဘူး စသဖြင့် ဒီလိုအပြောအဆိုမျိုးတွေ ရှောင်ကြဉ်သင့်ပါတယ်။
၃။နင် ဒါကို မတတ်နိုင်ပါဘူး။ မလုပ်နိုင်ဘူးလို့ ပြောဆိုခြင်း
ဘယ်သူကမှတော့ ကိုယ့်ကို ဒါမျိုးမလုပ်နိုင်ဘူး။ မတတ်နိုင်ဘူးဆိုတာမျိုး နှိမ့်ချပြောတာမျိုး ခံချင်ပါ့မလဲနော်။ သူ့နေရာမှာ သင်ဆိုရင်ရော အဲ့ဒီလိုပြောရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ သင့်ချစ်သူမှာ ငွေကြေး အခက်အခဲရှိနေချိန် သင်က ဒါမျိုး မတတ်နိုင်ဘူးမလားလို့ မေးရင် သူစိတ်မကောင်းဖြစ်မယ်၊သိမ်ငယ်စိတ် ၀င်သွားမှာပေါ့။
၎။ငါနင့်ကို မုန်းလိုက်တာလို့ ပြောခြင်း
ချစ်တယ်ဆိုတဲ့ စကားရဲ့ ဆန့်ကျင်ဘက် မုန်းတယ်ဆိုတဲ့ စကားကလည်း ချစ်သူနှစ်ဦးအတွက် တကယ်ကိုပါဝါကြီးမားတဲ့ စကားပါ။ လူတွေက ဒီလိုစကားကို ကိုယ့်ချစ်သူကို စိတ်တို၊ စိတ်ကောက်တဲ့အခါ အမှုမဲ့အမှတ်မဲ့ သုံးတတ်ကြပါတယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ စိတ်ထဲ၊ ရင်ထဲ ဒီစကားဘယ်လောက်ထိ နက်နက်နဲနဲ ၀င်သွားသလဲဆိုတာ မစဉ်းစားမိကြပါဘူး။ နင့်ကိုငါ ချစ်လိုက်တာလို့ ပြောတဲ့အခါ တစ်ဖက်လူ ကြည်နူးသွားရသလိုကို နင့်ကိုမုန်းတယ်လို့ ပြောလိုက်ခြင်းကလည်း တစ်ဖက်လူကို အတိုင်းအတာ တစ်ခုထိ ခံစားစေတတ်ပါတယ်။
၅။နင်က ငါ့ရည်းစားဟောင်းလိုပဲဆိုပြီး နှိုင်းယှဉ်ခြင်း
ဘယ်သူကမှတော့ ကိုယ့်ကို ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ပြောဆိုတာမျိုး ကြိုက်မှာ မဟုတ်ပါဘူး။ ခုလို နှိုင်းယှဉ်ပြောဆိုခြင်းဟာ သူအနေနဲ့တွေးနိုင်တာက သင်အရင်တစ်ယောက်ကို သတိရနေသေးတယ်ဆိုတာမျိုးအထိပါ အတွေးရောက်သွားနိုင်ပါတယ်။
Ref:yourtango
Trend Myanmar

thumbnail

ဗုဒ္ဓဘာသာကို ယုံကြည်တဲ့ facebook တည်ထောင်သူ မက်ခ်ဇူကာဘတ်

တရုတ်ပြည်အလယ်ပိုင်း Shaanxi ခရိုင်ရဲ့ မြို့တော်ကြီးဖြစ်တဲ့ Xi'an မြို့တော်ရှိ Wild Goose ဘုရားကျောင်းကြီးကို သွားရောက်လည်ပတ်ခွင့်ရခဲ့သော ဖေ့ဘုတ်တည်ထောင်သူ မက်ခ်ဇူကာဘတ်ဟာ အဲ့ဒီဘုရားမှာ ကမ္ဘာကြီး ငြိမ်းချမ်းအေးချမ်းဖို့နဲ့ သူ့မိသားစုအတွက်ပါ ဆုတောင်းမေတ္တာပို့သခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘုတ် စာမျက်နှာထက်မှာ ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ရေးသားခဲ့ပါတယ်။ မက်ခ်ဇူကာဘတ်ရဲ့ အမျိုးသမီးဖြစ်သူ ပရင်စစ်လာဟာ ဗုဒ္ဓဘာသာဝင်တဦးပါ။ ဒါကြောင့် သူမက သူ့အား ဆုတောင်းခိုင်းတာလို့လည်း ဆိုပါ တယ်။

ဗုဒ္ဓ၀ါဒဟာ အလွန်ပင်အံ့သြထူးဆန်းတဲ့ ဘာသာ၊ အတွေးအခေါ်ကို ဦးစားပေးတဲ့ ဘာသာတခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာလျက်ရှိပါတယ်။ ပိုပြီးတော့လည်း နက်နက်ရှိုင်းရှိုင်း နား လည် ယုံကြည်လာမယ်လို့လည်း မျှော်လင့်ပါတယ် လို့ ရေးသားထားပါသေးတယ်။

Friday, October 23, 2015

thumbnail

ငါးယောက်ယူတဲ့ မိန်းမတဲ့နော်

The wife married to FIVE brothers: Rajo, 21
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
=========================================
>< လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ 
ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက 
ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်း လက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် 
မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးကို တပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ 
အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

>< ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ 
နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ 
ခင်ပွန်းသည် ၅ ဦးနဲ့ အလှည့်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း 
ညီအကိုတွေ ဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

>< ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ 
ဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလိုခံစားခဲ့ရပါတယ်။ 
ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး”
လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။

>< မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့ 
အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဂတ်ဒူဆိုသူပါ။

“ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်
မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီးဖြစ်နေတာကိုး” လို့ သူက ပြောပါတယ်။

>< သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ်ပေါင်းသင်း
ခဲ့ကြတဲ့ စုံတွဲပါ။ တရားဝင်အားဖြင့် သူတို့ ၂ ဦးဟာ အကြင်လင်မယားအဖြစ် စတင်
ပေါင်းသင်းခဲ့သူတွေပေါ့။

>< ဒါပေမယ့် သူတို့ရွာဓလေ့အရ မစ္စ ရာဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံး 
ခင်ပွန်းဖြစ်သူရဲ့ ညီအကိုတွေဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂ နှစ်)၊ ဆန့်ရမ် ( အသက် ၂၈
နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။

>< ဒီ့အပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့ 
နောက်ဆုံး လက်ထပ်လိုက်ရတဲ့သူကတော့ ဒိုင်းနဲရှ်ပါပဲ။

အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ။

“ကျနော့်မိန်းမအဖြစ်နဲ့ သူ့ကို စဉ်းစားပါတယ်။ 
ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ” လို့ ပြောပါတယ်။

>< ရာဂျိုက ထမင်းဟင်းချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ကြောင်း၊ ခင်ပွန်းသည်တွေက
အလုပ်အကိုင်ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က 
၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကိုလည်း ထိန်းသိန်း စောင့်ရှောက်ရပါသေးတယ်
လို့ သူက ဆက်ပြောပါတယ်။

>< မစ္စရာဂျိုက ပိုလီယန်ဒရီလို့ ခေါ်တဲ့ 
ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။

“ကျမအမေကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့တာပါ။ 
ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ်
ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ” လို့ ရာဂျိုက ဆိုပါတယ်။

“ကျမကတော့သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ 
မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေများများ ခင်းလိုက်တာပဲ” လို့ ရာဂျိုက ဆိုပါတယ်။

ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။

“မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ 
ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ်” လို့ ရာဂျိုက ဆိုပါတယ်။

သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။

thumbnail

သီတင်းကျွတ်ရင် မိန်းမယူတော့မယ်

ကဲ…… သီတင်းလဲ ကျွတ်တော့မယ်နော်။ ကျွန်တော်လည်း မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကို ဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာ မျက်နှာရှိရင်တော်ပြီ။ ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။

ကျွန်တော်ယူမယ့် မိန်းမရဲ့အိမ် ဘယ်လိုပုံရှိတယ်ဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။ မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီ ကျခံမယ်။ ကျွန်တော်ယူမယ့်မိန်းမက တစ်ဝက် သူ့မိဘကတစ်ဝက်။

သူမရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ချောကလက်ကို သူမလက်ဖျားနဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။

ထမင်းဟင်းကို သူမ ဘယ်လိုပဲချက်ချက် ကျွန်တော်စိတ်မ၀င်စားဘူး။ အရသာရှိရင် တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့တရုတ်စာ၊ နောက်နေ့ဂျပန်စာ၊ စသည်ဖြင့် ပြောင်းလဲချက်ချက် ရတယ်။ ဒီကိစ္စမှာ သူမကို လုံးဝ လွတ်လပ်ခွင့် ပေးထားတယ်။

အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့အ၀တ်အစား အမြဲတမ်း သန့်ရှင်းနေရမယ်။

လှဲကျင်းလျှော်ဖွပ်လို့ ပင်ပန်းလာပြီလား။ အဲဒါဆို မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။

သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ သူ့လက်ထဲကို ပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မှတ်လား။

ကျွန်တော့်အမိန့်ကို နာခံရမယ်လို့မပြောဘူး။ ကျွန်တော့်စကား နားထောင်ရင်တော်ပြီ။ နားမထောင်နိုင်ဘူးလား ဒါဆို နောက်တစ်ယောက်ရှာပစေပေါ့ မဟုတ်ဘူးလား။
တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ.......

About

Powered by Blogger.

Business

Find Us On Facebook

Social Networks

Featured Video

Breaking News

Sponsor

Flickr Images

Video Of Day

Featured Video

Popular Posts

Get Adobe Flash player