ရန်ကုန်မြို့လယ်တစ်နေရာတွင် ဘတ်စ်ကားပေါ်၌ ဖေ့စ်ဘွတ်ခ်အသုံးပြုနေသော အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရစဉ်။ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ဖေ့စ်ဘွတ်ခ်ပေါ်၌ ရေးသားသော ဓာတ်ပုံနှင့်စာများကြောင့် ဖမ်းဆီးတရားစွဲဆိုခံရသူများလာသည်။ (ဓာတ်ပုံ−အေအက်ဖ်ပီ)
၂၀၀၄ဖေဖော်ဝါရီတွင် ဟားဗတ် တက္ကသိုလ်ကျောင်းသား မက်ခ်ဇူ ကာဘတ်က အတန်းဖော်အချင်း ချင်းဆက် သွယ်ရန်စတင်အသုံး ပြုတီထွင်ခဲ့သော ဖေ့စ်ဘွတ်ခ် သည် ဆယ်စုနှစ်တစ်ခုကြာပြီး သည့်နောက် မြန်မာနိုင်ငံတွင် ထောင်နှုတ်ခမ်းနင်း၍ အသုံးပြုရ သောအရာတစ်ခု ဖြစ်လာတော့ သည်။
မြန်မာနိုင်ငံတွင်ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် ဓာတ်ပုံနှင့်စာသားကိုအကြောင်းပြု၍ ပထမဆုံးအမှုဖွင့်တိုင်ကြားမှုတစ်ခု အောက်တိုဘာ၅ရက်က စတင်ဖြစ်ပွားခဲ့သည် ။ ဆက်တိုက်ဆိုသလိုပင် ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် ဓာတ်ပုံနှင့်စာသားကိုအကြောင်းပြု၍ ၁၄ရက်မပြည့်မီမှာပင်အမှုဖွင့်ခံရသူ ခုနစ်ဦးအထိရှိလာခဲ့သည်။
ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)
ပထမဆုံး အမှုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားခြင်းကြောင့်ဖြစ်ပြီးယင်းအမှုအပါအ၀င်တပ်ကိုစော်ကား ခြင်းကြောင့်အမှုဖွင့်ခံထားရသူသုံးဦးထိ ရှိနေကာသုံးဦးစလုံးမှာ ဖမ်းဆီးစစ်ဆေးခံနေရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဓာတ်ပုံကို ခြေဖြင့်နင်းထားသည့်ပုံကိုစက်တင်ဘာ ၃၀ရက်က Zaw Myo Nyunt အမည်ဖြင့်ဖေ့စ်ဘုတ်ခ်ပေါ်ဖြန့်ဝေခဲ့သူအမျိုးသားတစ်ဦးသည် အောက်တိုဘာ၆ ရက်ညတွင်မရမ်းကုန်းမြို့နယ်၌ ဖမ်းဆီးခံခဲ့ရသည်။
ဒုတိယတစ်ဦးကတော့ ထူးခြားသည်။ အဖမ်းခံရသူမှာမိန်းကလေးတစ်ဦးဖြစ်ပြီး အဖမ်းခံရသည့်နေရာမှာ တရားစခန်းတစ်ခုဖြစ်သည်။ အဖမ်းခံရသည့်အကြောင်းရင်းက အစိမ်းနုရောင် ရုံးတက်ယူနီဖောင်းအသစ်ဝတ်ဆင်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဓာတ်ပုံနှင့် အစိမ်းနုရောင်ထဘီဝတ်ဆင်၍ မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ယှဉ်တွဲဖော်ပြ ကာ ‘‘အဲ့သလောက် အမေ့ကို ချစ်ကြရင်လည်း အမေ့ထဘီစ ခေါင်းမှာပတ်ထားပါတော့လားဗျာ’’ဟုလည်းကောင်း၊ ‘‘အမေစုဝတ်တဲ့ ထဘီအရောင်ကို ကြိုက်တဲ့သူတို့ ချုပ်ဝတ်ကြလေပြီ’’ ဟုလည်းကောင်းရေးသားခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါ မချောစန္ဒီထွန်း(ခ) ချစ်သမီးအကောင့်ပိုင်ရှင်ကို အောက်တိုဘာ ၁၂ ရက်ကတရားစွဲဆိုခဲ့ပြီး မအူပင်မြို့တွင် အောက်တိုဘာ ၁၃ ရက်နေ့က ချက်ချင်းရုံးထုတ်ခဲ့သည်။
တတိယသားကောင်မှာ တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦး၏ ဓာတ်ပုံကို ခြေထောက်ဖြင့်နင်းကာ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့ သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ကချင်တိုင်းရင်းသားဦးခွန်ဂျာလီဖြစ်သည်။ ဦးခွန်ဂျာလီကို အောက်တိုဘာ ၁၄ ရက် ညပိုင်းက ရန်ကုန်မြို့လှိုင်မြို့နယ် (၁၀)ရပ်ကွက်ရှိ၎င်း၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များလာရောက်ခေါ်ဆောင်သွားကာ ထိန်းသိမ်းခံခဲ့ရပြီး အောက်တိုဘာ ၁၅ရက်တွင် ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး အာမခံပင်မရပေ။
‘‘ဒီပို့စ်ကို ကျွန်တော်ရှဲလ်တာ မဟုတ်ပါဘူး။ ကျွန်တော်ဘာမှ လည်းမသိပါဘူး။ ကျွန်တော့်အနေနဲ့ ကြည့်ရင်တော့ မတရားပါဘူး’’ဟု ဦးခွန်ဂျာလီက လှိုင်မြို့နယ်တရားရုံးအထွက်တွင် ပြောကြားခဲ့သည်။
သူ၏ပြောစကားမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သည်။ကိုယ်ကလစ်နှိပ်သည်ဖြစ်စေ၊ မနှိပ်သည်ဖြစ်စေ ကိုယ့်wallပေါ်တွင်ပေါ်နေသည့်အကြောင်းအရာများ အပေါ်တွင်ကိုယ်တာဝန်ယူရတော့မည့် သဘော ဖြစ်သည်။ သူ၏ ဖြစ်ရပ်အပြီးတွင်Tag တွဲခြင်း သည်းခံပါဟု သဘောဆောင် သောပို့စ်အမြောက်အမြား ဖေ့စ်ဘွတ်ခ်တစ်ခွင်လွင့်ပျံခဲ့သည်။
ချောစန္ဒီထွန်း(ခ) ချစ်သမီးနှင့်ဦးခွန်ဂျာလီတို့နှစ်ဦး၏ အမှုများကိုပလပ်ပြီး အမြန်ဆုံးလွှတ်ပေးရန်နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP -B)က အောက်တိုဘာ၁၇ ရက်တွင် တောင်းဆိုခဲ့သည်။ AAPP-B ၏ထုတ်ပြန်ချက်တွင် အစိုးရတစ်ရပ်အနေဖြင့် တပ်မတော်အနေဖြင့် ပြည်သူတို့၏အသံကို နားစွင့်ရန်လိုအပ်ကြောင်းနှင့်သည်းခံစိတ်ရှည်သော အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားပြုမူရန်လည်း လိုအပ်ကြောင်း တိုက်တွန်းထားသည်။
အောက်တိုဘာ ၁၅ရက်က ဝါရှင်တန်ဒီစီ၌ ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ဦးခွန်ဂျာလီနှင့် မချောစန္ဒီထွန်းတို့ကိုဖမ်းဆီးခြင်းအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြကြသည်။
သို့သော် အောက်တိုဘာ ၁၆ ရက် ညပိုင်းကပင်လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် နာမည်တူအကောင့်အတုဖွင့်ခံရပြီး ယင်းအကောင့်တုမှ အစိုးရ အရာရှိဟောင်းများနှင့် အစိုးရ အရာရှိများအားဆဲဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေါပုံမြို့နယ်တွင် နေထိုင်သည့် အသက် (၂၈) နှစ်အရွယ် ကိုလူဇော်စိုးဝင်းကို ဒေါပုံမြို့နယ်ရဲစခန်းမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်သည်။ ဆင်းမ်ကတ်များ ကျပ်၁၅၀၀ဖြစ်သွားသည့်အကျိုးဆက်အဖြစ် အိမ်တွင် ကွန်ပျူတာပင်မရှိသူအများစုမှာ မိုဘိုင်းဖုန်းမှ တစ်ဆင့် ဖေ့စ်ဘွတ်ခ်ကို သုံးစွဲလာကြသည်။ သုံးစွဲသူတို့၏အလိုအရ ဖေ့စ်ဘွတ်ခ်သည်အပျင်းပြေသဘောဆောင်လာသည်။ ဖေ့စ်ဘွတ်ခ်သည် အလုပ်သဘောဆောင်လာသည်။ စွဲလမ်းလွန်းသူများအတွက် ဖေ့စ်ဘွတ်ခ်သည် မသုံးရမနေနိုင် လောက်သည့်အထိ ဖြစ်လာသည်။ စစ်အစိုးရလက်အောက်တွင် နှစ်ပေါင်း များစွာလွတ်လပ်စွာပြော ရေးဆိုခွင့်ကိုဖိနှိပ်ခံခဲ့ရသည့် လူထုအထွက် ဖေ့စ်ဘွတ်ခ်သည် ထွက် ပေါက်တစ်ခုဖြစ်လာသည်။ ထိုမှတစ်ဖန် ဖေ့စ်ဘွတ်ခ်သည် စိတ် ထွက်ပေါက်တို့ လွန်ကျူးရာအရပ် ဒေသသဖွယ်ဖြစ်လာခဲ့သည်။ အယူအဆမတူသူတို့ကို ပျစ်ပျစ်နှစ်နှစ်ဆဲဆိုမှုမှာ မမြင်ချင်မှ အဆုံးပင်ဖြစ်သည်။ ပြင်ပတွင် လူချင်းတွေ့ရန်ခက်ခဲလှသည့် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်းကောင်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မြင်မကောင်းအောင် စော်ကားမော်ကားပြုကြသည်။ အဆိုပါအခြေအနေကို အရှိန်တန့်လိုက်သည်က တပ်မတော်ဖြစ်သည်။ သူတို့ကို စော်ကားမှုများကိုသည်း မခံတော့ကြောင်း ဥပဒေကြောင်းမှ ပြသတော့သည်။
ထို့ပြင် ဖေ့စ်ဘွတ်ခ်ပေါ်တွင် သမ္မတကို အပုပ်ချသည်ဟု အထင်ရောက်စေမည့် ကဗျာစာသားတစ်ခု ရေးသားခဲ့သည့် မှော်ဘီ NLD လူငယ်တစ်ဦးကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦး ဇော်ဌေးက အောက်တိုဘာလ ၈ ရက်တွင် ပြောကြားခဲ့ပြီးနောက် အာဏာပိုင်အဖွဲ့အစည်းအချို့က နေ အိမ်သို့ လာရောက်မေးမြန်းရှာဖွေ မှုများ ပြုလုပ်ခဲ့ရာ အဆိုပါလူငယ် ကဗျာဆရာ မောင်ဆောင်းခမှာ ယနေ့အထိ တိမ်းရှောင်နေရဆဲဖြစ်သည်။
‘‘ဒီကိစ္စတွေနဲ့တရားစွဲပြီဆိုရင်တော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့အတိုင်း အယုတ်အလတ်၊ ကျားမ၊ရာထူး၊ ဌာနမရွေး လူတိုင်းကို ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲ သူကတော့ရာထူးရှိလို့ဆိုပြီး မျက်နှာလွှဲရင်တော့ ဒါကပြည်သူအတွက် မတရားတဲ့ ဥပဒေဖြစ်မှာပဲ’’ဟု တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဒေါက်တာညိုညိုသင်းက ထောက်ပြသည်။
ဖေ့စ်ဘွတ်ခ်နှင့် ပတ်သက်ပြီး အထင်ရှားဆုံး ဥပမာမှာ ဖေ့စ် ဘွတ်ခ်ဝန်ကြီးဟုပင် နာမည်ကြီး သည့် ပြန်ကြားရေးဝန်ကြီး ဦးရဲ ထွဋ်ပင်ဖြစ်သည်။ သမ္မတ၏ ပြော ရေးဆိုခွင့်ရှိသူ၏ ဇနီးသည် ဖေ့စ် ဘွတ်ခ်ပေါ်တွင် ဒေါ်အောင်ဆန်း စုကြည်ကို သိက္ခာကျစေရန် ပြု ပြင်ထားသည့် ဓာတ်ပုံကို မျှဝေမိသဖြင့် ဦးရဲထွဋ်က ဒေါ်အောင် ဆန်းစုကြည်ကို လူချင်းတွေ့ကာ တောင်းပန်ခဲ့ရသည်။
ယခုကဲ့သို့ ဖေ့စ်ဘွတ်ခ်အမှု များပေါ်ပေါက်လာသည့်အခါ သူ ၏ ဖြစ်ရပ်ကို ပြန်တူးဆွခံနေရ သည်။
NLD ကို ဖေ့စ်ဘွတ်ခ်ပေါ်မှ ခပ်ကြမ်းကြမ်းဝေဖန်မှုများ ပြု လုပ်လေ့ရှိသည့် ပြည်ခိုင်ဖြိုးအ မတ် ဦးလှဆွေလည်း ယခုအချိန် တွင် သတိထားရတော့မည်ဖြစ် သည်။
‘‘အဟတ်ခံရတာ (တိုက် ခိုက်ခံရခြင်း)လေးခါရှိပြီ။ ကျွန် တော့်အကောင့်ကို အတုလုပ်ထား တာ ခြောက်ခုတောင်ရှိတယ်’’ဟု ဦးလှဆွေက ပြောသည်။
အစိုးရနှင့် တပ်မတော်အား စော်ကားသူများကို အမှုဖွင့်ခြင်း အား ရဲစခန်းများက လက်ခံခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ် ဘွတ်ခ်ပေါ်တွင် စော်ကားမှုများနှင့်ပတ်သက်၍အမှုဖွင့်ခြင်းများ ပေါ်ပေါက်လာပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလိပ်မယား၊ ကုလားယူထား သော အမျိုးဖျက်မဟု ပုတ်ခတ် ပြောဆိုမှုပြုလုပ်ခဲ့ သော ဟိုင်းကြီးကျွန်းမှ ဆယ်အိမ်မှူးဦးသန်းဇော်ထိုက်(ခ) မုန့်လုံးကြီးကိုအသရေဖျက်မှုပုဒ်မ (၅၀၀) ဖြင့် NLD ပါတီက တရားစွဲဆိုခဲ့သည်။ဒုတိယတစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုဖိုတိုရှော့ဖြင့် ညစ်ညမ်းပုံဖန်တီးကာ လူမှုကွန်ရက် ပေါ်တင်ခဲ့သည့်ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို အောက်တိုဘာ ၁၇ ရက် က ဒီချုပ်ပါတီဝင်တစ်ဦးမှ အမှုဖွင့်ခဲ့သည်။ သူသူအမည်ဖြင့် အကောင့်တွင် တင်ခဲ့ခြင်းဖြစ်ပြီး ထိုအကောင့်ပိုင်ရှင်မှာ မိမိဖြစ်သည်ဟု ဦးသန်းထွန်းက ၀န်ခံခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တောင်းပန်ပါက ကျေ အေးပေးမည်ဟူသည့် NLD၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။
‘‘ဖေ့စ်ဘွတ်ခ်ပေါ်က ကိစ္စတွေကို ဒီလိုအမှုလိုက်ဖွင့်နေတာအဖြေတစ်ခုတော့မဟုတ်ဘူး။ အမှန်ကပြည်သူကိုကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရမှာ။ ဘယ်အဆင့်ကိုကျော်ပြီး တင်တာတော့ မသင့်ဘူးဆိုတာမျိုးပေါ့’’ဟု ၂၀၀၉ က အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် ထောင် ၁၅နှစ်ချမှတ်ခံခဲ့ရသူမလှလှဝင်း(၂၀၁၃တွင်သမ္မတလွတ်ငြိမ်းဖြင့် ပြန်လွတ်လာ)ကပြောသည်။
သို့သော် ဖေ့စ်ဘွတ်ခ်ပေါ်မှ ဖော်ပြမှုများကို အရေးယူနိုင် သည့် ဥပဒေနှစ်ခုအထိပင် ရှိနေ သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည့် အီလက်ထရွန်နစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေနှင့် ဦးသိန်းစိန်လက်မှတ်ရေးထိုးပြဋ္ဌာန်းထား သောဆက်သွယ်ရေးဥပဒေတို့ဖြစ် သည်။
7daydaily
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments