ဘာကြောင့်ဆင်းရဲကြသလဲ
***********************
အားလုံးချမ်းချမ်းသာသာ၊ သက်တောင့်သက်သာ ဖြစ်လိုကြသည်၊ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး ဘဝ လျှောက်လှမ်းကြရခြင်းသည် တစ်ထပ်တည်းမကျကြ၊ ချမ်းသာကြသူများက ကျိကျိတက် ချမ်းသာကြသော်လည်း၊ ဆင်းရဲ ကြသည့်သူများကလည်း ကုန်းကောက်စရာမရှိအောင် ဆင်းရဲကြသည်၊ တစ်နေ့လုပ်မှ တစ်နေ့စားကြရသူများလည်း ဒုနှင့်ဒေးဖြစ်၏။ အမေရိကားတွင် စိန်စီထားသော တယ်လီဖုန်းတစ်လုံးကို ဒေါ်လာ (၁ဝ) သန်းဖြင့် သုံးစွဲနိုင်လောက်အောင် ချမ်းသာသောသူများရှိပြီး ညဘက်လမ်းကြိုလမ်းကြားတွင် ခွေးတိုးဝက်ဝင် အိပ်ကြရသူများလည်း မနည်းချေ။
ချမ်းသာရခြင်းကို စီမံခန့်ခွဲရေးရှုထောင့်မှကြည့်လျှင် တစ်မျိုးဖြစ်သည်။ ချမ်းသာရန်၊ အောင်မြင်စွာ လုပ်ကိုင်နိုင် ရန် အထူးပြု သင်ကြားပေးသည်။ အောင်လည်း အောင်မြင်ကြသည်၊ ယနေ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများစွာတွင် စီမံခန့်ခွဲ ရေးပညာ ထူးချွန်သူတို့ကို အလေးထားရှာဖွေ၍ သူတို့ကုမ္ပဏီများကို ဖွံ့ဖြိုးတိုးတက်အောင် အပြိုင်အဆိုင် ကြိုးပမ်း ဆောင်ရွက်နေကြသည်။
.
ပို၍အခြေခံကျသောအကြောင်းတရားများ
****************************************
ကိုယ်တိုင် စီမံခန့်ခွဲရေးပညာရပ်များကို သင်ကြား၍ တတ်နိုင်သမျှ မျိုးဆက်သစ်တို့အတွက် ပြန်လည်မျှဝေ သောအားဖြင့် စာဖြင့် ပြန်လည်မျှဝေနေသူ ဖြစ်ပါသည်၊ ကိုယ်တိုင် နိုင်ငံတကာအဆင့်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်နေ သဖြင့် စီမံခန့်ခွဲရေးပညာရပ်၏ သီအိုရီများနှင့် မြန်မာ့စီးပွားရေးဝန်းကျင်တို့၏ အကွာအခြားကို ကောင်းစွာသိရှိကာ၊ မြန်မာ့ လူငယ်များ နားလည်လွယ်သောစကားပြေဖြင့် လက်တွေ့ အတွေ့အကြုံများကိုပေါင်းဖက်၍ ရေးသားနေဆဲ ဖြစ်ပါသည်။
အရွယ်တစ်ခုရောက်လာခဲ့ပြီဖြစ်၍လည်း ဘာသာရေးစာပေများနှင့် များစွာ မကင်းလွတ်ပါ။ ဘာသာရေး ရှုထောင့်မှ အဆုံးအမများသည် ကမ္ဘာ့စီမံခန့်ခွဲရေးပညာရပ်ထက် ပို၍အခြေခံကျသည်များကို အတော်များများ တွေ့ရပါ သည်။ အဆောက်အဦးတစ်လုံး ဥပမာနှင့်တူညီပါ၏။ အခြေခံအုတ်မြစ်ကောင်းခဲ့ပါလျှင် အပေါ်ထပ်အဆောက်အဦးတို့၏ ခိုင်မြဲမှုကို အာမခံနိုင်ပြီး၊ အပေါ်ထပ်အဆောက်အဦး မည်မျှကောင်းမွန်သည်ဖြစ်စေ အခြေခံအုတ်မြစ် မကောင်းခဲ့၊ မကြံ့ခိုင် ခဲ့ပါလျှင် အာမခံချက်မရှိသကဲ့သို့နှင့် တူညီသည်ဟု တွေ့မြင်ပါ၏။
ဗုဒ္ဓဘာသာ၏အဆုံးအမသည် အခြေခံအုတ်မြစ်နှင့် အလားသဏ္ဍာန်တူပြီး၊ ခေတ်သစ် စီမံခန့်ခွဲရေးပညာရပ် များက အပေါ်ထပ်အဆောက်အဦးနှင့် တင်စားနိုင်မည် ဖြစ်သည်။ အခြေခံမကောင်းခဲ့သောကြောင့် အောင်မြင်ပြီးမှ ကျဆုံး သွားခဲ့ကြသူများ မနည်းပါးခဲ့ချေ။ အခြေခံမကောင်းခဲ့လျှင် ကျဆုံးချိန်၌ ဗုန်းဗုန်းကျပျက်စီးနိုင်ပြီး၊ အခြေခံကောင်းခဲ့ပါက ကျဆုံးခဲ့လျှင်ပင် ထိန်းထိန်းသိမ်းသိမ်း ရှိနိုင်သည်ကိုလည်း တွေ့နိုင်ပါ၏။
.
ဆင်းရဲရခြင်းအကြောင်း (၁၁) ပါး
********************************
( ၁ ) လိုအပ်သောနေရာတွင်မလှူဘဲမလိုအပ်သောနေရာတွင်လှူဒါန်းခြင်း
( ၂ ) သပ္ပဒါလေးပါး (ဥစ္စာန၊အာရက္ခ၊သမဇီဝိတ၊ကလျာဏမိတ္တ) ချို့ယွင်းခြင်း
( ၃ ) စီးပွားရေးကိုမေတ္တာဖြင့်မရှာဘဲဝိသမလောဘဖြင့်ရှာခြင်း
( ၄ ) ပျင်းရိခြင်းကိုရောင့်ရဲခြင်းဟုအထင်မှားခြင်း
( ၅ ) ကိုယ့်ကိုယ်ကိုမထိန်းသိမ်းနိုင်ခြင်း
( ၆ ) အချိန်တန်ဖိုးကိုမသိခြင်း
( ၇ ) ကိုယ့်ထက်သာလျှင်မနာလိုခြင်း
( ၈ ) စာပေဗဟုသုတမရှိခြင်း
( ၉ ) ဒေသန္တရဗဟုသုတမရှိခြင်း
(၁ဝ) ခေါင်းဆောင်စိတ်နည်းခြင်း
(၁၁) ကိုယ့်အားကိုယ်ကိုးလိုစိတ်နည်းခြင်း
ရိုးစင်းလှသော်လည်း များစွာအခြေခံကျလှသည်ကို တွေ့ရပါလိမ့်မည်။ ဘာသာရေးရှုထောင့်မှ ပြဆိုသော ဆင်းရဲရခြင်း၏ အကြောင်းရင်းများကို လေ့လာလျှင် တစ်ဦးတစ်ယောက်၏ ပင်ကိုယ်အရည်အသွေးများ တည်ဆောက်ခြင်း (Capacity Building) ဖြစ်နေပြီး၊ သာလွန်သွားသည့်အချက်မှာ လောကီ၊လောကုတ္တရာနှစ်ဖြာအတွက် အကျိုးဖြစ်စေခြင်း ဖြစ်စေသည်ကို တွေ့ရပါမည်။ ဆင်းရဲမှုမှ လွတ်ကင်းစေသည်သာမက ကုသိုလ်ရေးကိုပါ တွဲဖက်ပေးထားပါသည်။
(စီးပွားရေးကိုမေတ္တာဖြင့်မရှာဘဲ၊ဝိသမလောဘဖြင့်ရှာဖွေခြင်း) ကို ခပ်ပေါ့ပေါ့အဓိပ္ပာယ် ယူဆမိလိုက်ပါက ဘာသာရေးသက်သက်ရှုထောင့်မှဟု ထင်စရာရှိသည်၊ မဟုတ်ပါချေ။ ယနေ့ စီမံခန့်ခွဲရေးပညာရပ်တွင်မှာပင် ထည့်သွင်း သင်ကြားပေးနေသောအချက် ဖြစ်သည်။ အသုံးအနှုန်းနှင့် ချဉ်းကပ်ပုံသာ ကွာခြားပါ၏။ Customer Service, Customer Satisfaction စသောအသုံးများသည် ဝယ်ယူသုံးစွဲသူများအတွက် ထုတ်လုပ်သူများက ပြန်လည်ပေးဆပ်နေခြင်း ဖြစ်သည်၊ သုံးစွဲသူများအပေါ် မေတ္တာပြန်ထားခြင်းတစ်နည်းလည်း ဖြစ်သည်။ တစ်ချိန်တုန်းက "များများမြတ်၊နည်းနည်းရောင်း" စနစ်မှ ယခုအခါ "နည်းနည်းမြတ်၊များများရောင်း" စနစ် ဖြစ်လာပါ၏။ အကျိုးအမြတ်ကို ဝိသမလောဘမှ ဖယ်ခွာ၍ မျှမျှတတဆောင်ရွက်လာခြင်း ဖြစ်သည်။
(ပျင်းရိခြင်းသည်ရောင့်ရဲခြင်းမဟုတ်ပါချေ) ။ ပျင်းရိခြင်းသည် လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း၊ အလုပ်လုပ်ရမည် ကို စိုးရွံ့ခြင်းမျှသာ ဖြစ်သည်၊ ရောင့်ရဲခြင်းက ပျင်းရိခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ အလုပ်ကိုမကြောက်၊ အကောင်းဆုံး၊ အကြိုးစားဆုံး ဆောင်ရွက်သည်၊ သို့သော်လည်း ရလဒ်အပေါ် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျေနပ်လက်ခံခြင်း မျှသာဖြစ်သည်။ အလုပ်မလုပ်လျှင် ရလဒ်မရ၊ မလုပ်၍မရခြင်းအပေါ် စောဒကတက်၍မရ၊ ထို့ကြောင့် လက်ခံရမည်သာ ဖြစ်သည်၊ ရောင့်ရဲသူများကမူ တစ်ဆယ်ဖိုးလုပ်ကိုင်သော်လည်း ငါးကျပ်ဖိုးမျှ ရလဒ်ထွက်ခြင်းအပေါ် ကျေနပ် လက်ခံနိုင် ကြသူများ ဖြစ်သည်။
(ကိုယ့်ကိုယ်ကိုမထိန်းသိမ်းနိုင်ခြင်း) ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တွေးရတတ်လေ့ရှိသည်၊ တိုးတက်လာ သောခေတ်ဖြစ်၍ အပျော်အပါးကို နေရာတကာမှာရနိုင်သည်ဖြစ်ရာ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်ရန် များစွာလိုအပ်ပါသည်။ အလုပ်လောဘကို မထိန်းသိမ်းနိုင်ခြင်း၊ အပျော်အပါးကို မထိန်းသိမ်းနိုင်ခြင်း၊ မောက်မာမှုကို မထိန်းသိမ်းနိုင်ခြင်းစသဖြင့် မထိန်းသိမ်းမှုကဏ္ဍများစွာ ရှိပါ၏။ ဆင်းရဲစဉ်က လင်မယားနှစ်ယောက် ချစ်ခင်ကြင်နာကြသော်လည်း ချမ်းသာလာသော အခါ တကျက်ကျက်ရန်ဖြစ်၍ ကွဲကွာကြခြင်းသည် ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ခြင်းများ၏လက္ခဏာ ဖြစ်ပါသည်။
ချမ်းသာကြသူများ ချမ်းသာရခြင်း၏ အကြောင်းတစ်ခုမှာ (အချိန်၏တန်ဖိုးကို ကောင်းစွာသိခြင်း) ဖြစ်ပါသည်။ လုပ်မှားကိုင်မှားရှိ၍ ဥစ္စာပစ္စည်း တစ်စုံတစ်ရာဆုံးရှုံးခဲ့ပါက ပြန်၍ရှာဖွေဖြည့်ဆည်းလျှင် ရနိုင်သော်လည်း ဆုံးရှုံးသွားသော အချိန်ကို ပြန်၍အစားထိုးမရနိုင်ပါ၊ ငွေကြေးလိုအပ်လျှင် ဘဏ်များမှ ငွေချေးယူနိုင်သော်လည်း၊ အချိန်ကို ထုတ်ချေးသော ဘဏ်များ မရှိသေးပါ၊ မည်သည့်အခါမျှလည်း ပေါ်ထွက်လာမည်မဟုတ်ပါ။ လူတိုင်းတွင် (၂၄) နာရီ ဟူသောအချိန်သာ ရှိပါ၏။ ထိုညီမျှစွာ ပိုင်ဆိုင်ထားကြသောအချိန်ကို အကောင်းဆုံး မည်သို့ အသုံးချမည်နည်းဟူသည်က တစ်ဦးနှင့်တစ်ဦး တိုးတက်မှု ကွာခြားသွားစေသောအချက်တစ်ခု ဖြစ်လာပါသည်။ ခေတ်သစ် စီမံခန့်ခွဲရေးပညာတွင် (Time Management) ဟူသော အချိန်အပေါ် စီမံခန့်ခွဲရေးသည် လူ၊ငွေ၊ပစ္စည်းများအပေါ် စီမံခန့်ခွဲသည်နှင့်အတူ အရေးတကြီးဖြစ်ကြောင်း ထောက်ပြထားပါသည်။
(ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ခြင်း) ကို မြန်မာလူမျိုးတို့ များစွာသတိထား ရှောင်ကြဉ်သင့်သည်ဟု တွေ့မြင် ပါ၏။ ဘာသာရေးရှုထောင့်မှကြည့်လျှင် မနာလိုခြင်းသည် အကုသိုလ်စိတ် ဖြစ်ပါ၏။ အကုသိုလ်စိတ်ရှိသူထံ အကုသိုလ် အကျိုးတရားများသာ ရောက်လာပါလိမ့်မည်။ အနောက်နိုင်ငံသားတို့၏ အားသာချက်မှာ ဤစိတ်မျိုးမရှိကြခြင်း ဖြစ်သည်၊ ကိုယ့်ထက်သာလျှင် မနာလိုစိတ်မှာ အနောက်ကမ္ဘာထက် အရှေ့ကမ္ဘာက ပို၍များကြောင်း ဆန်းစစ်ချက်များတွင် တွေ့နိုင် မည်ဖြစ်သည်။ မနာလိုသောကြောင့် အကျိုးတစ်စုံတစ်ရာ ရနိုင်မည်မဟုတ်သည်ကို ကောင်းစွာသိရှိပါက ဤစိတ်ကို ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။
(စာပေဗဟုသုတမရှိခြင်း) (ဒေသန္တရဗဟုသုတမရှိခြင်း) သည် များစွာရှင်းပြရန်လိုသည့် အကြောင်းများ မဟုတ်ချေ။ ပညာဖြစ်စေသော အကြောင်းတရားများဖြစ်သည်ကို အားလုံးက ခြွင်းချက်မရှိ လက်ခံထားကြပြီး ဖြစ်သည်၊ ခေတ်သည် ပညာခေတ်ဖြစ်၍ ပညာကိုအခြေမခံပါက ကြီးပွားတိုးတက်ရန် အခွင့်အလမ်းများဆုံးရှုံးမည်သာ ဖြစ်သည်။
(ခေါင်းဆောင်မှုစိတ်နည်းခြင်း) တွင် နှစ်ပိုင်းရှိသည်ဟု တွေ့မြင်သည်။ ပထမတစ်ပိုင်းမှာ အမှန်ပင် အများကို ဦးဆောင်လိုစိတ်နည်းပါးပြီး၊ မပင်မပန်း နောက်ကသာလိုက်လိုကြသည်ကို တွေ့ရသည်၊ ကိုယ်ရည်ကိုယ်သွေး နည်းပါးခြင်း၊ ထက်ထက်မြက်မြက်မရှိခြင်း စသည်တို့၏ အားနည်းသောလက္ခဏာတစ်ရပ် ဖြစ်သည်၊ ဦးဆောင်လိုစိတ် နည်းပါးခြင်းသည် တိုးတက်မှု၏ ဆန့်ကျင်ဘက်ဖြစ်၍ ဆင်းရဲရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်၊ နောက်တစ်ပိုင်းမှာ မှားယွင်းသော ကိုယ်ရည်ကိုယ်သွေးရှိကြသူများ ဖြစ်သည်။ မိမိ၏ အရည်အသွေးအမှန်ကို ကောင်းစွာ အကဲမဖြတ်နိုင်ကြ ဘဲ ယုံကြည်ချက်လွန်ကဲစွာ “ငါသာခေါင်းဆောင်မှ”ဟူသောအတွေးဖြင့် "ငါမရှိမဖြစ်" ဟူ၍ ကျင့်ကြံကြသူများ ဖြစ်သည်၊ ဤနေရာတွင် "မှန်ကန်သောခေါင်းဆောင်စိတ်နည်းခြင်း" ဟု နားလည်ထားနိုင်မည် ဖြစ်သည်။
(ကိုယ့်အားကိုယ်ကိုးလိုစိတ်နည်းခြင်း) သည် မြန်မာမှုနယ်ပယ်တွင် များစွာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ရမည့်အချက်ဟု မြင်တွေ့သည်။ အနောက်နိုင်ငံသားများ တိုးတက်ကြသည်မှာ ကိုယ့်အားကိုယ်ကိုးလိုစိတ် ပြင်းထန်ကြ သောကြောင့် ဖြစ်သည်၊ မိဘချမ်းသာသည်ကို မျက်စောင်းမထိုးတတ်ကြ၊ အရွယ်ရောက်လျှင် မိဘရင်ခွင်မှခွာ၍ ကိုယ်တိုင် ရှာဖွေစားသောက်ကြသည်၊ မိဘအမွေကို စိတ်မဝင်စား၊ ထို့ကြောင့်လည်း တိုးတက်ကြခြင်း ဖြစ်သည်၊ မြန်မာ့ယဉ်ကျေးမှု တွင် မိဘများက သားသမီးအပေါ် အစိုးရိမ်ကြီးလွန်းကြသည်၊ သားသမီးများကလည်း မိဘအပေါ် မှီခိုလွန်းလာကြသည်၊ အချို့မိသားစုများကိုကြည့်လျှင် ကိုယ်ကသားသမီးများ ပြန်မွေးနေသည့်တိုင် မိဘအပေါ်မှီခိုဆဲဖြစ်သည်ကို နေရာအနှံ့မှာ တွေ့နိုင်ပါသည်၊ မှီခိုစိတ်ကြီးခြင်းသည် ဦးဆောင်စိတ်နည်းပါးခြင်းပင် ဖြစ်ပါသည်၊ နောက်လိုက်စိတ်သည် ကြီးပွားရာ ကြီးပွားကြောင်း၊ တိုးတက်ရာ တိုးတက်စေသောစိတ်မျိုးမဟုတ်ပါ။
ကိုယ်ကညံ့လျှင် ကိုယ့်သားသမီးများ ညံ့တတ်ပါသည်။ ကိုယ့်မျိုးဆက်တို့ ညံ့ဖျင်းတတ်ပါသည်၊ တစ်ဦးချင်း၊ တစ်မိသားစုချင်း ညံ့ဖျင်းစွာ ပေါင်းစည်းမှုများလာသောအခါ လူမျိုး၊နိုင်ငံတို့၏ နောက်မျိုးဆက်များ ညံ့ဖျင်းလာမည်သာ ဖြစ်ပါသည်။ ညံ့ဖျင်းသည်နှင့် တိုးတက်မှုနှင့် ဝေးကွာရပါသည်၊ တိုးတက်မှုမရှိခြင်းသည် ဆင်းရဲခြင်းသာ ဖြစ်ပါ၏။ ခေတ်သစ် စီမံခန့်ခွဲမှုပညာရပ်သည် လူတိုင်း လေ့လာသင့်သော ဘာသာရပ်ဖြစ်ပြီး၊ ကြီးပွားတိုးတက်စေသည့် ပညာရပ် ဖြစ်သည်မှာ အသေအချာ ဖြစ်ပါသည်၊ သို့သော်လည်း မြန်မာ့ဘာသာရေးအဆုံးအမသည် ခေတ်သစ် စီမံခန့်ခွဲရေးပညာကို ပို၍အခြေခိုင်စေသော၊ ပို၍မြဲမြံစေသောအကြောင်းရင်းများ ဖြစ်သည်ကိုလည်း မမေ့အပ်၊ လျစ်လျူရှုအပ်သည် မဟုတ်ပါ။
Credit : နေဇင်လတ်
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments